ခရမ်းမြို့
ခရမ်းမြို့ | |
---|---|
ခရမ်းမြို့ တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°54′20″N 96°33′38″E / 16.905443°N 96.560497°Eကိုဩဒိနိတ်: 16°54′20″N 96°33′38″E / 16.905443°N 96.560497°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ရန်ကုန်တောင်ပိုင်းခရိုင် |
မြို့နယ် | ခရမ်းမြို့နယ်[၁] |
ခရမ်းမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ငယ်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့မှ ရေကြောင်းခရီးဖြင့် (၃၆)မိုင်ခန့် ကွာဝေးသည်။ မြို့၏အကျယ်အဝန်းမှာ စတုရန်း (၂)မိုင် ခန့်ရှိ၍ (၁၉၅၃)ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၁ဝ၉ဝ၆)ယောက် ရှိသည်။ မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့သိမ်းပိုက်စက ယခုခရမ်းမြို့မှာ ရေတွင်းချောင်ခရမ်းခေါ် ရွာကလေးမျှသာဖြစ်သည်။ ထိုရွာတွင် ကင်းဂတ်တစ်ခုကို ဖွင့်လှစ်ခဲ့ဖူးသည်။
ထိုစဉ်က ရုံးစိုက်ရာမြို့မှာ ရုံးသပြေကန်မြို့ဖြစ်သည်။ ထိုအရပ်တွင် သပြေကန်ဟူသောအမည်နှင့် နှစ်ဌာနရှိသည်။ ရုံးစိုက်ရာသပြေကန်ကို ရုံးသပြေဟုခေါ်သည်။ ရုံးသပြေ၏ အရှေ့တောင်ဘက် ဘောချောင်းပေါ်၌တည်ရှိသော သပြေကန်ကိုမူ ဘော့သပြေကန်ဟုခေါ်သည်။ ရုံးသပြေကန်မှာ ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြို၍တိမ်ကောသွားရာ ယခုခရမ်းမြို့သို့ ရုံးရွှေ့ပြောင်းစိုက်သည်။
ရွာတည်ရာအရပ်တွင် မြို့ဖျက်ခရမ်းများပေါများသဖြင့် ခရမ်းရွာဟု တွင်သည်။ ခရမ်းရွာ၌ ရေတွင်းချောင်ခရမ်းနှင့် ရွာမခရမ်းဟု အပိုင်းနှစ်ပိုင်းရှိသည်။ ရေတွင်းချောင်ခရမ်းတဲအုပ်စုကို မွန်လူမျိုး ဦးမောင်၊ ဦးမြတို့ကလည်းကောင်း၊ ရွာမခရမ်းဘဲအုပ်စုကို မွန်လူမျိုး ဦးအို၊ ဦးကလေး၊ ဦးအုံး စသည်တို့ကလည်းကောင်း၊ ပင်လယ်တိမ်ကိုင်းတောများကို ခုတ်ထွင်ရှင်းလင်းကာ လယ်လုပ်ရာမှ စတင်တည်ထောင်ခဲ့သည်ဟု ပါးစပ်ပြော အမှတ်အသားရှိသည်။
မူကွဲတစ်ခုကမူ 'ခရမ်း'သည် မွန်စကား'ကရုန်း'မှ လာသည်ဟုဆိုသည်။ ကရုန်းသည် 'ချောင်းကမ်းဘေးမှ ရွာကလေး' ဟု အဓိပ္ပာယ်ရသည်။
၁၉၂၄၊ ၂၅ ခုနှစ်ခန့်တွင် ခရမ်းတူးမြောင်းကို ဖောက်လုပ်ခဲ့သည်။ ခရမ်းတူးမြောင်းမှာ ပဲခူးမြစ်ကမ်းပေါ်ရှိ ချောင်းဝရွာမှ ခရမ်းမြို့အထိ (၁၈)မိုင်ခန့်ရှည်လျားသည်။ ခရမ်းမှတစ်ဆင့် ပင်လယ်သို့ပေါက်လေသည်။ ယခုအခါ ထိုတူးမြောင်းကို ခရမ်းမြစ်ဟုပင် ခေါ်တွင်လျက်ရှိသည်။ ခရမ်းမြို့နယ်တွင် ယခုအခါ ကျေးရွာပေါင်း(၈ဝ)ကျော်ရှိသည်။ မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင်(၂၄၆)မိုင်ခန့်ဖြစ်၏။ လယ်ယာကိုင်းကျွန်းများကို မှီ၍ သက်မွေးဝမ်းကျောင်းသူ များပြားသည်။ ရှေးက နိုင်ငံခြားကုမ္ပဏီကြီးများက စပါးဒိုင်များဖွင့်၍ စပါးများကို တိုက်ရိုက် ဝယ်ယူသောဌာနခွဲတစ်ခုဖြစ်သည်။ ပဲခူးဆားသည် ခရမ်းမြို့နယ်နှင့် ကဝမြို့နယ်များမှ အများဆုံးထွက်လေသည်။ ယခုအခါ စပါးလုပ်ငန်း၊ ဆားလုပ်ငန်းများအပြင် မြေပဲစိုက်ခြင်း၊ ကြက်ဘဲ မွေးမြူခြင်း၊ ငါးမွေးမြူခြင်း အလုပ်များကိုလည်း ပြုလုပ်ကြသည်။ ထို့ပြင် လူငယ်အမျိုးသားအချို့မှာ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများသို့ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် ဆန်စက်နှင့် ဆီစက်များလည်း ရှိသည်။
ခရမ်းမြို့နှင့် ပဲခူးမြို့ကို (၁၉၂၈)ခုနှစ်တွင် မီးရထားလမ်း ဖောက်လုပ်ဆက်သွယ်ခဲ့သည်။ (၁၉၃၁)ခုနှစ်တွင် ခရမ်းမြို့၏ တောင်ဘက် (၁၃)မိုင်ဝေးသော သုံးခွမြို့သို့ ဆက်လက်ဖောက်
လုပ်ခဲ့သည်။ ရန်ကုန်မြို့မှ ခရမ်းမြို့သို့ နေ့စဉ်မီးသင်္ဘောကလေးများ၊ မော်တော်လှေများ သွားလာလျက်ရှိသည်။ သို့သော် မြစ်ချောင်းများကောသဖြင့် မြို့သို့အရောက်မသွားနိုင်။ မြို့အနီး ပိန်းကန်ရွာကို သင်္ဘောဆိပ်ပြုလုပ်ထားရသည်။ ခရမ်းမြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်းရှိသည်။ အထက(၁) နှင့် အထက(၂) တို့ဖြစ်သည်။ ဆေးရုံနှင့် စာတိုက်တို့လည်းရှိသည်။
မြို့ပေါ်၌ ဘုန်းတော်ကြီးကျောင်း (၁၈)ကျောင်းခန့်ရှိသည်။ ခရမ်းမြို့ပေါ်တွင် သကျမာရဇိန်ဘွဲ့ချီ သွန်းဘုရားကြီး တစ်ဆူရှိသည်။ ထိုရုပ်တုတော်ကို ခရမ်းမြို့မှ ဦးရွှေဖောင်၊ ဦးဘိုးထိန်းတို့က ကြီးမှူး၍ အများကောင်းမှုဖြင့် တည်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ ရှိသည်။ ခရမ်းမြို့၏ အနောက်ဘက်ယွန်းယွန်းရှိ ရဲမွန်စေတီနှင့် အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာတွင် တည်ရှိသောကန်ညီနောင်စေတီတို့မှာ ထင်ရှားသော စေတီပုထိုးများ ဖြစ်ကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]