မယ်ခွေ
မယ်ခွေသည် ကုန်းဘောင်ခေတ် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် နန်းတက်တော်မူသော ဘိုးတော်ဘုရား လက်ထက်တွင် ထင်ရှားကျော်စောသော အမျိုးသမီးစာဆိုတော်တစ်ဦး ဖြစ်သည်။ ပညာရှင်တချို့၏ မှတ်သားချက်အရ မယ်ခွေသည် မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် နန်းတက်တော်မူသော သာယာဝတီမင်း လက်ထက်တိုင်အောင် ထင်ပေါ်ကျော်ကြားသူ ဖြစ်၏။[၁]
မယ်ခွေသည် ရတနာသိင်္ဃမြို့ နေ စစ်တောင်းဝန်၏ သမီးနှစ်ယောက်အနက် အငယ်ဖြစ်လေသည်။ အရွယ်ရောက်လတ်သော် အမွေဝန်ဟောင်း မောင်စွက်နှင့် စုံဖက်၏။ ထို့ကြောင့် မယ်ခွေကို အမွေဝန်ကတော်ဟုလည်း ခေါ်ကြသည်။ မယ်ခွေ၏ အစ်မကား မယ်ကေတည်း။
- (မှတ်ချက်။ ။ မယ်ခွေကို မယ်ခွေးဟု ခေါ်ကြသည်မှာ မှား၏။ မယ်ကေ၊ မယ်ခွေဟူသော ညီအစ်မနှစ်ယောက်တို့သည် ဘိုးတော်ဘုရားလက်ထက်တွင် လွန်စွာကျော်စောကြောင်း ပုဂံဝန်ထောက်မင်း ဦးတင်၏ စာအုပ်တွင် ရေးသားဖော်ပြထားပေသည်။)
အဲချင်းဟူသော ကဗျာအဖွဲ့အနွဲ့ များစွာတို့ကို ရေးသားခဲ့သဖြင့်အဲမယ်ခွေဟုပင် အမည်တွင်ကြောင်း မြန်မာဂန္ထဝင်တွင် ထင်ရှားသောအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ မယ်ခွေဆိုသော အဲချင်းများကို ၈၀ပေါ်အဲ ဟုလည်း ခေါ်ကြသေးသည်။
၈ဝ ပေါ်အဲ
[ပြင်ဆင်ရန်]ညောင်ရမ်းမင်းဆက်၊ တနင်္ဂနွေမင်းတရားကြီးလက်ထက်၊ သက္ကရာဇ် ၁၀၈ဝ ပြည့်နှစ်တွင် စပ်ဆိုသော အဲချင်းများကို ၈ဝ ပေါ်အဲဟု ခေါ်ကြသည်။ ထို့အတူ ၈၀ပေါ်တေးထပ်ဟူ၍လည်း ပေါ်ပေါက်ခဲ့သေးကြောင်း ပြောစမှတ်ပြုကြသည်။ မယ်ခွေသည် ၁၂ ရာသီဘွဲ့များကို အဲကဗျာအဖွဲ့အနွဲ့ဖြင့် ရှေးဦးစွာ ဖွဲ့ဆိုသူဖြစ်သည်။ ရှေးက ၁၂ ရာသီဘွဲ့များမှာ ရတု၊ လူးတား စသည့် အဖွဲ့အနွဲ့များဖြင့်သာ ရှိခဲ့သည်။ မယ်ခွေ၏ ရာသီဘွဲ့များမှာ စေ့စပ်ကျနသည်။ မယ်ခွေသည် အခြား အမျိုးသားစာဆိုတော်ကြီးများ၏ လက်ရာကို မီအောင်ဖွဲ့နွဲ့နိုင်သည်။ စိတ်ကူးဆန်းကြယ်၍ ယဉ်ကျေးနွဲ့နှောင်းသော စကားလုံးများဖြင့် ကဗျာများကို တန်ဆာဆင်နိုင်သည်။
ထူးခြားသောအချက်ကား မယ်ခွေ၏ ရာသီဖွဲ့သည် အချင်းဖြစ်၍ ဂီတဘက် သက်ဆိုင်ပါဝင်သောကြောင့် စည်းဝါးကျနစွာ တူရိယာဖြင့် သီဆိုနိုင်၏။ ရှေးယခင် ရာသီဖွဲ့များသည် လူးတားရတုများဖြစ်သောကြောင့် အတီးအမှုတ်တူရိယာများဖြင့် တွဲဘက်သီဆိုခြင်း မပြုနိုင်၊ စည်းလွတ်ဝါးလွတ်သာ ဆိုနိုင်သဖြင့် မယ်ခွေ၏ အဲချင်းလောက် တွင်ကျယ်မည် မဟုတ်ပေ။ ဤနေရာ၌ မယ်ခွေ၏ ဉာဏ်ရည်သာပြီး အဲချင်းသည် စည်းဝါးကျနစွာ ဆိုနိုင်သော အဖွဲ့ဖြစ်ရကာ သဘင်သည်များအတွက် ပိုမိုကျေးဇူးရှိပေသည်။ ဖွဲ့နွဲ့ပုံတွင်လည်း တခြားစာရေးဆရာကြီးများအောက် မညံ့ချေ။[၂]
မယ်ခွေသည် ရာသီဖွဲ့အဲများ အပြင် -
- အမရပူရ ဘုရားလေးဆူတိုင် အဲနှင့် ရတုများ၊
- ဘိုးတော်ဘုရား မိထွေးတော် ဒလမြို့စားမင်းသမီး ကွယ်လွန်ရာ ငိုချင်း၊
- မိုးနဲဝန်ကတော် ကွယ်လွန်ရာ ငိုချင်း၊
- သားတော် ပြင်စည်မြင်းမှူးမင်းသား မင်းရဲမင်းလှရွှေတောင် ကွယ်လွန်ရာ ငိုချင်း၊
- နှမတော် ရှင်နှင်းပွင့်၊ ရှင်သဲတို့ ကွယ်လွန်ရာ ငိုချင်း၊
- အနောက်အိမ်တော် အမြင့်မြို့စားမင်းသားတော် မောင်ကြီး ကွယ်လွန်ရာ ငိုချင်းများကိုလည်း ဆိုသေးသည်။ မယ်ခွေ၏ ငိုချင်းများမှာ နောက်တွင် ခေတ်စားလာသော စုံ့နံ့သာမြိုင် ရှာပုံတော်ကြီး စသော ငိုချင်းရှည်များ၏ ရှေ့ပြေးဖြစ်သည်။ ငိုချင်းများအပြင် ကျေးစေဘုရားတိုင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မိုးဘွဲ့၊ တောဘွဲ့ ရတုများကိုလည်း ရေးသားခဲ့သေးသည်။
မယ်ခွေ၏ ကဆုန်လဘွဲ့ အဲတစ်ပုဒ်
[ပြင်ဆင်ရန်]- ကဆုန်လပြိဿရာသီဘွဲ့
ဖလ်နန်းမှ မျက်အုံလေ။ နေနှင့်ယှဉ်မှီ။ ရောဟဏီတည်း။
မှန်စီဆောင်က။ ရွှေထီးရိပ်ပြပါလို့။ လွမ်းစယှက်သွယ်။
မင်းမူဟန်ကျယ်လှ။ မိုးလယ်ဘုံမှာတဲ့လေး။ ကဆုန်ငယ်မှရတု။
မြနီ လာစစ်။ အပြာရစ်နှင့်။ ရှစ်မျက်နှာဆို။ တောတစ်ခိုမှာ။
ပျိုနုနုနှင့်။ ကျီးဥမှလဲ့ပြာ။ စကားထုံသင်း။ ကောဇာ ချင်းတွင်။
တုကင်းလွတ်ကွာ။ ငှက်ပေါင်းသာလို့။ ညာချွေငယ်စံသည်။
ယုဂန်မှာတိမ်တစ်ပုံက။ ဂဠုန်လိုဝဲ။ ။ အသဲမှဆွတ်ကျင်။
သောင်သင်ဖြူးခင်း။ မြစ်ကြီးတွင်းမှာ။ ငါးကြင်းဆန်ကူး။
ငါးတန်မြူးသည်။ ပိုက်ဦးငင်လို့။ သဘင်မှဖြိုးဝေ။
ဇင်ယော်သောင်တင်း။ ရွှေပိန်ညင်းတို့။ ချစ်တင်းပိုင်ပိုင်။
အာလုပ်ကယ်လှိုင်လို့။ သံပြိုင်ငယ်ချွေသည်။
ဂြိုဟ်စနေဖီလာပိုင်းဆီက။ မုန်တိုင်းချီပြင်း။ ။ ပြည်ကေမ္ဗာဇ။
တိုင်းညိုမြမှာ။ တံငါတာရာ။ ကြယ်ဥက္ကာနှင့်။ အခါညောင်ရေ။
ပွဲစုံငယ်ထွေလို့။ လွမ်းဗွေဆိုင်ညီ။ သေမင်းပင်မှီရော့ထင့်။
စက်ရာသီပြိဿ ရေးတဲ့။ ငိုကြွေးခင်း။ ။
[၃]